musicboylay8@gmail.com လွမ်းရုံတန့်ဆည် မှပြုလုပ်သည်။

Sunday, February 3, 2013

သခင်အောင်ဆန်း၏ လွတ်လပ်ရေးယူနည်း

၁၉၄၀ ဗြိတိသျှလေဘာပါတီခေါင်းဆောင်ဟောင်း ဆာစတက်ဖို့ကရစ်ပ် ဗမာနိုင်ငံသို့ လာစဉ် တို့ဗမာအစည်းအရုံးခေါင်းဆောင်များနှင့်တွေ့ဆုံခိုက် ဗမာ့ပြည်လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ ယူမလဲဆိုသောသော မေးခွန်းအား
လွတ်လပ်ရေး ဗြိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဖြေကြားပုံလေးကို ဖေါ်ပြလိုက်ပေးလိုက်ပါတယ်။


သခင်အောင်ဆန်း ရိုင်းပုံ၊ ကြမ်းပုံတို့ ကို သခင် တင်မောင် (ကျုံမငေး) ကလည်း (၄-၁-၆၃) နေ့ထုတ် ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း ရေးခဲ့ပါသည်။

၁၉၄၀ ခုနှစ် ဇန်န၀ါရီလတွင် တို့ဗမာအစည်းအရုံးကြီး၏ အမှုဆောင် အစည်းအဝေးကို မန္တလေးမြို့၌ ကျင်းပလေသည်။ အမှုဆောင်အားလုံး မန္တလေး ရုံတော်ကြီးရှိ ဦးဘဦးတိုက်ကြီးတွင် တည်းခိုကြသည်။

အမှုဆောင် အစည်းအဝေး ကျင်းပဆဲမှာပင် ဗြိတိသျှ လေဘာပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဆာစတက်ဖို့ ကရစ်ပ်သည် ဗမာပြည်၏ အခြေအနေကို လေ့လာရန် ရောက်ရှိလာလေသည်။ ဗမာပြည် မလာမီကပင် ၎င်းအား လေဘာပါတီမှ ထုတ်ပယ် ခံထားရလေသည်။ အကြောင်းမှာ စစ်အတွင်းတွင် ဖက်ဆစ်ဆန့်ကျင့်ရေး တပ်ပေါင်းစုတခု ဖွဲ့သင့်သည်ဟု ပါတီအတွင်း အကြံပေးမိသည့်အတွက် ဖြစ်လေသည်။

ဗမာပြည်တွင် ဦးတင်ထ္ဂွဋ်အိမ်၌ ခတ္တတည်းခိုပြီး တို့ဗမာအစည်းအရုံး ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးလိုသည့်အတွက် မန္တလေးသို့ လိုက်လာခဲ့လေသည်။ ဆာစတက်ဖို့ကရစ်ပ်အား သခင်ကျော်စိန် (ယခု ပြည်သူ့စာပေတိုက်)က မန္တလေးသို့ လိုက်ပို့ရလေသည်။ မန္တလေးတွင် လေဘာပါတီ ခေါင်းဆောင်ကြီးနှင့် တို့ဗမာအစည်းအရုံး အမှုဆောင်များ ဆွေးနွေးကြပုံမှာ ကျွန်တော်တသက်တာတွင် မမေ့နိုင်အောင် ရှိတော့သည်။

ဆွေးနွေးပွဲကို သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်လေးမောင်တို့အား ဦးဆောင်ဆွေးနွေးရန် သတ်မှတ်ထားကြပါသည်။ သခင်မြမှာ မန္တလေးတွင် ကြာရှည်မနေနိုင်ဘဲ အစည်းအရုံး တာဝန်များနှင့်ပင် ရန်ကုန်သို့ ပြန်သွားရလေသည်။ ဆွေးနွေးပွဲတွင် ကရစ်ပ်၏ လက်ယာဘက်က သခင်ကျော်စိန်၊ သခင်လေးမောင်၊ သခင်လှဘော်၊ သခင်ထိပ်တင် ကိုယ်တော်ကြီး တို့က ထိုင်နေကြ၍၊ လက်ဝဲဘက်တွင် သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုးနှင့် ကျနော်တို့ ထိုင်နေကြပါသည်။

ကရစ်ပ်က “ဗမာပြည်ကို မလာခင်တုန်းက တို့ဗမာအစည်းအရုံးနဲ့ ခေါင်းဆောင်တွေရဲ့ အကြောင်းကို ကျနော်နားလည်ခဲ့တာနဲ့၊ ဒါတွေဟာ ဗမာပြည်ရောက်လို့ တညလည်း အိပ်မိရော ကျနော်သိထားတာတွေအားလုံး အမြီးနဲ့ ခေါင်းနဲ့ လွဲနေတာ တွေ့ရပါတယ်” ဟုပြောရင်း ဟားတိုက် ရယ်လိုက်ပါသည်။ “ကျနော်သိခဲ့တာ ခင်ဗျားတို့အစည်းအရုံးဟာ လူရမ်းကားလေးတွေ၊ ဆင်ခြင်းတုံတရား ကင်းမဲ့သူတွေ၊ သူပုန်ထဖို့ သွေးဆူနေတဲ့ သူကလေးတွေ၊ ပညာမဲ့ အလုပ်လက်မဲ့ကလေးတွေ စုပေါင်းပါဝင်တဲ့ အစည်းအရုံးကြီးပဲလို့ နားလည်ခဲ့ပါတယ်။ အခုမှ ဒီလိုမဟုတ်မှန်း သိပါတော့တယ်”

သခင်အောင်ဆန်းက ရယ်လျှက် “ဒါတွေဟာ ဓမ္မတာပါဘဲ၊ အုပ်စိုးသူဆိုတာကတော့ အုပ်စိုးခံရသူများအပေါ်မှာ ဒီလိုပဲ သဘောထားတတ်ပါတယ်။ အထူးသဖြင့် ကျနော်တို့က အတိုက်အခံ လုပ်နေတော့ ဒီလိုဘဲ သတင်းပေးကြမှာပါဘဲ။ တခုကျနော်ပြောချင်တာက ဗမာပြည်မှာရှိတဲ့ လူငယ်တိုင်းဟာ ဒီလိုဘဲ ပညာမဲ့၊ အလုပ်လက်မဲ့၊ လူပေ လူတေကလေးတွေချည်း ဖြစ်နေရတယ်ဆိုရင်လဲ ဘယ်သူ့ အပြစ်လဲ၊ ဗြိတိသျှ အုပ်စိုးခြင်းအောက်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တခုအနေနဲ့ ဗြိတိသျှလူမျိုးတွေဘဲ ရှက်စရာ ကောင်းနေမှာပေါ့။

ကရစ်ပ်။ ။ “ကျနော် တခုမေးပါရစေ။ စပ်စုတယ်လို့ မထင်ပါနဲ့။ ရင်းရင်းနှီးနှီး သဘောထာလို့ မေးရဲတာပါ။ ခင်ဗျားတို့က အခု အင်္ဂလိပ် လက်အောက်ခံဘ၀က လွတ်အောင်ကြိုးပမ်းနေကြတယ်။ လွတ်လပ်ရေး ဘယ်လိုနည်းနဲ့ ရအောင်လုပ်ကြမှာလဲ”
သခင်အောင်ဆန်း။ ။ “နည်းကတော့ ကျနော်တို့ တရားတယ်ထင်တဲ့နည်းနဲ့ ရအောင်လုပ်ယူရမှာဘဲ”
ကရစ်ပ်။ ။ “မစ္စတာအောင်ဆန်းပြောတာ ကျနော် နားမလည်သေးပါဘူး။ ထပ်ရှင်းစမ်းပါအုံး”
သခင်အောင်ဆန်း။ ။ “ရှင်းပါတယ်။ တရားတယ်ထင်တဲ့ နည်းဆိုတာဟာ ရရာနည်းနဲ့ လုပ်ရမယ်လို့ ဆိုတာဘဲ။ ဥပမာဗျာ ခင်ဗျားအိတ်ထဲမှာ ထည့်ထားတဲ့ ဖောင်တိန်ဟာ ကျနော်ပိုင်တဲ့ ဖောင်တိန်ဆိုပါတော့။ ခင်ဗျားက ကျနော်ဆီက အနိုင်ကျင့်ပြီး လုယူထားတယ်ဆိုပါတော့။ ဒီတော့ ကျနော်က ခင်ဗျားကို တောင်းပန်ပြီး ပြန်ပေးပါလို့ ချော့တောင်းမယ်။ မရရင်နောက်တနည်းနဲ့ တောင်းမယ်။ ဒီလိုမှ မရတဲ့အဆုံးမှ မပေးဘူးလား၊ ပေးမလားဆိုပြီး ခြိမ်းခြောက်တောင်းမယ်။ ဒါနဲ့မှရရင် ဟော့ဒီလို အတင်းလုယူမယ်။

သခင်အောင်ဆန်းသည် ပြောပြောဆိုဆို ဆာစတက်ဖို့ကရစ်ပ်၏ အိတ်ထောင်ထဲက ဖေါင်တိန်ကို ဆွဲယူလိုက်ရာ ကရစ်ပ်၏ ကုပ်အင်္ကျီအိတ်ကြီးပါ ပြဲ၍ ပါလာလေတော့သည်။
သခင်အောင်ဆန်းမှာ ဧည့်သည်တယောက်၏ အင်္ကျီပြဲသည်ကိုပင် အားမနာတတ် အလိုက်မသိတတ်ဘဲ ဆက်လက်၍ ပြောလိုက်သေး၏။ ‘ကဲ အဲ့ဒီနည်းဟာ ကျနော် တရားတယ်ထင်တဲ့ နည်းပဲ။ ကျနော့်ဖောင်တိန်ပြန်ရတာ လိုရင်းပဲ’။

ကရစ်ပ်မှာ ဘာမှ မပြောနိုင်။ အူတက်မတတ် ဖြစ်နေရှာသည်။ နောက်အတန်ကြာမှ “အိုချစ်စရာကောင်းတဲ့ အောင်ဆန်း၊ ချစ်စရာကောင်းတဲ့ အောင်ဆန်း” ဟူ၍သာ ထပ်ကာထပ်ကာ ရေရွှတ်၍ နေရှာပါတော့သည်။

ကျနော်တို့တတွေမှာ ဧည့်သည်များကိုလည်း အားနာ၊ မရယ်ဘဲလည်း မနေနိုင်ဖြစ်ကာ မျက်နှာ အထားရခက်နေကြတော့၏။
သခင်အောင်ဆန်း ရိုင်းခြင်း၊ ကြမ်းခြင်း (၀ါ) လောက၀တ်ကို ဂရုမစိုက်ခြင်းတို့သည် သူတပါးပေါ်တွင် စော်ကားမော်ကား ပြုလုပ်လိုသောကြောင့် မဟုတ်။ နိုင်ငံရေးကိုသာ အမြဲ စဉ်းစားနေသောကြောင့် ဖြစ်သည်ဟု ယူဆချင်ပါသည်။ အမှန်မှာ သခင်အောင်ဆန်းသည် အလွန် ကိုယ်ချင်းစာတရား ရှိသူဖြစ်ပါသည်။ ကိုယ်ချင်းစာတရား မရှိသော တကိုယ်ကောင်းဆန်းသူများကို အလွန် စက်ဆုပ်သူ ဖြစ်ပါသည်။ သခင်အောင်ဆန်းမည်မျှ ရဲဘော်စိတ်ရှိသည်ကို သူနှင့်အတူ လုပ်ဖော်ကိုင်ဖက်အားလုံး သိပါသည်။ အချို့သော ခေါင်းဆောင်များကဲ့သို့ ဆွေမျိုးသားချင်းအပေါ်တွင် ၀ံသာမနုဘဲ သူ၏ ရဲဘော်များကိုသာ ဦးစားပေးလေ့ရှိကြောင်း သူ၏ နောက်ပိုင်းလုပ်ရပ်များက သက်သေခံပါသည်။

လွတ်လပ်ရေးဗြိသုကာ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး အရယူပုံနည်းကို လေ့လာအသုံးချကြပါ။
(ကျေနပ်နိုင်ကြပါစေ)

No comments:

Post a Comment